Wednesday, June 5, 2013

၂၀၁၃/၁၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှုအစီအစဉ် စတင်ပြီဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည် ..


ခင်မင်လေးစားရပါသော စေတနာရှင်များနှင့် မိတ်ဆွေများ အားလုံးကို "မင်္ဂလာပါ" လို့ နှုတ်ခွန်းဆက်သပါတယ်...

ကုသိုလ်အဖွဲ့နှင့် Lotus Foundation တို့၏ ၆နှစ်မြောက် ပညာသင်စရိတ် ထောက်ပံ့မှုအစီအစဉ်ကို ၂၀၁၃/၁၄ ပညာသင်နှစ်အတွက် စတင်တော့မည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ပထမဆုံး အသိပေးလိုတာကတော့ ၂၀၁၂/၁၃ ပညာသင်နှစ် အတွက် သူငယ်တန်းမှ ၉တန်းအထိ အောင်စာရင်းများ ထွက်ရှိပြီ ဖြစ်ပြီး ၁၀တန်းအောင်စာရင်းများကို စောင့်ဆိုင်းဆဲဖြစ်ပါသည်။ သူငယ်တန်းမှ ၉တန်း စုစုပေါင်းကျောင်းသား ၄၄၈ ဦးအနက်မှ ၆ဦး ကျရှုံးခဲ့ပြီး အဖွဲ့၏ စည်းကမ်းအရ ဒုတိယအကြိမ် ကျရှုံးသော ကျောင်းသား/သူများကို ပညာသင်စရိတ်ထောက်ပံ့ခြင်း ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ ပညာသင်စရိတ် ထောက်ပံ့မှုကို လက်ခံရရှိသော ကျောင်းသားများသည် တစ်နှစ်တတန်း ပုံမှန်အောင်မြင်ရမည်ဖြစ်ပြီး ခိုင်မာသော အကြောင်းပြချက်ဖြင့် တစုံတခုကြောင့် ချွတ်ချော်ပြီး ပထမအကြိမ် ကျရှုံးသော ကျောင်းသားများကို အလှူရှင်မှလည်း သဘောတူပါက နောက်နှစ်တွက် ဆက်လက်ထောက်ပံ့ပေးပါသည်။ ကျောင်းသား/သူများ နှင့် ၄င်းတို့၏ အုပ်ထိန်းသူများအား အဖွဲ့၏ စည်းကမ်းများကို ကြိုတင်အသိပေး အကြောင်းကြားထားပြီးလည်းဖြစ်ပါသည်။
ယခုနှစ် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် အလှူငွေကောက်ခံမှုနှုန်းထားများကတော့ ယခင်နှစ်ကအတိုင်း စာသင်နှစ် (၈)လကို (၂) လတစ်ကြိမ် (၄)ခါ ခွဲပြီး အောက်ပါနှုန်းထားများအတိုင်း မပြောင်းလဲဘဲ ကောက်ခံသွားမှာပဲ ဖြစ်ပါတယ်။
မူလတန်း - (၂) လအတွက် (S$ ၂၀)
အလယ်တန်း - (၂) လအတွက် (S$ ၃၀)
အထက်တန်း - (၂) လအတွက် (S$ ၄၀)
အလှူငွေကောက်မယ့်လတွေကတော့ မေလကုန်တစ်ကြိမ်၊ ဇူလိုင်လကုန်တစ်ကြိမ်၊ စက်တင်ဘာလကုန်တစ်ကြိမ်၊ နိုဝင်ဘာလကုန်တစ်ကြိမ် ဆိုပြီး (၄)ခါ ခွဲပြီး ကောက်ခံသွားမှာ ဖြစ်ပါတယ်။
ပညာသင်စရိတ် ထောက်ပံ့ကြေး လှူဒါန်းလိုသူများအတွက် အလှူငွေများကို စတင်ကောက်ခံနေပြီဖြစ်ကြောင်း အသိပေးလိုပါတယ်။ ယခုနှစ်အတွက် ပထမအကြိမ် ထောက်ပံကြေးကို ဇွန်လဆန်းပိုင်း မှာ နောက်ဆုံးထားပြီး မြန်မာပြည်ဖက် လွှဲပြောင်းပေးဖို့ အတည်ပြုထားပါတယ်။
ကုသိုလ်အဖွဲ့ (စင်ကာပူ)မှ ပြုလုပ်နေကြဖြစ်သော appreciation letters ပေးအပ်ပွဲနှင့် နှစ်စဉ်အစည်းအဝေးပွဲကို ယခုနှစ်အတွက် ပြုလုပ်နိုင်ခြင်းမရှိပဲ e-mail မှသာ appreciation letter (soft copy) များကို ပို့ပေးသွားမှာဖြစ်ပါသည်။ ထို့အတွက် အဆင်မပြေမှု တစုံတရာ ရှိခဲ့ပါက နားလည်ပေးပါရန် နှင့် သိရှိ မေးမြန်းလိုသည်များကို အဖွဲ့ဝင်များထံ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း အသိပေးလိုပါသည်။
ကူညီလှူဒါန်းပေးကြသော အလှူရှင်များ အားလုံးနှင့် တကွ အဖက်ဖက်မှ ပံ့ပိုးမှုများပေးသော စေတနာရှင်များ အားလုံးကို ကုသိုလ်အဖွဲ့ မှ ကျောင်းသား/သူလေးများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ လိုအပ်ချက်များ၊ နှောင့်နှေး ကြန့်ကြာမှုများအတွက် အဆင်မပြေမှု အလိုမကျမှုများ ရှိခဲ့ပါက နားလည် ခွင့်လွှတ်ပေးပါရန် နှင့် ပွင့်လင်းစွာ အကြံဥာဏ်များ ပေးလိုပါက အဖွဲ့မှ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုနေပါကြောင်း အသိပေးပြောကြားလိုပါသည်။
ခင်မင်လေးစားစွာဖြင့်ကုသိုလ်အဖွဲ့ 
www.KuTho.Org

kutho-org.blogspot.com
help2students@gmail.com