Sunday, November 11, 2012

၂၀၁၂/၁၃ ပညာသင်ထောက်ပံ့ခြင်း တတိယအကြိမ် ခရီးစဉ်

မင်္ဂလာပါ ..

Lotus အဖွဲ့နှင့် ကုသိုလ်အဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် ထောက်ပံ့စရိတ်များကို သွားရောက်ပေးပို့မည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုတခါ တတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ..

ကွမ်းခြံကုန်း ခရီးစဉ်
DATE     (1411/2012) & (15/11/2012)
TIME      14/11/2012 ရက်နေ.နံနက် ၇နာရီတွင် ဗဟန်းကျောင်းမှစတင်ထွက်ခွာမည်။


ဘိုကလေး၊မော်ကျွန်း ခရီးစဉ်
DATE      (17/11/2012) & (18/11/2012 )
TIME      (17/11/2012) ရက်နေ. နံနက် ၆ နာရီတွင်မော်တင်ဆိပ်.ကမ်းမှစတင်ထွက်ခွာပါမည်။


ဖျာပုံ၊ ဒေးဒရဲ ခရီးစဉ်
DATE     (2311/2012) & (24/11/2012)
TIME     23/11/2012  ရက်နေ.နံနက်၆နာရီ ပန်းဆိုးတန်းဆိပ်.ကမ်းမှ စတင်ထွက်ခွာပါမည်။


လှိုင်သာယာ၊ ရွှေပြည်သာခရီးစဉ်
DATE     25/11/2012
TIME     မွန်းလွဲ (၁၂၃၀) နာရီ
စုရပ်       လှည်းတန်း IT လက်ဖက်ရည်ဆိုင်

၂၀၁၂-၁၃ ပညာသင်နှစ်အတွင်း သွားရောက်ခဲ့သော မှတ်တမ်းဓါတ်ပုံများနှင့် အခြားသော လုပ်ငန်းလုပ်ဆောင်မှုများကို ကုသိုလ် Facebook page တွင် သွားရောက်ကြည့်ရှုနိုင်ပါသည် ..

အစဉ်လေးစား ကျေးဇူးတင်ရှိစွာဖြင့်
Kutho (http://www.kutho.org/)
Giving many helping hands

Friday, October 26, 2012

မျောက်ချောကုန်း၊ ကွင်းကလေး နှင့် ပန်းညိုကွင်း ပရဟိတ ကျောင်းများမှ ကလေးများအတွက် ဘုရားဖူး ဗဟုသုတခရီးတို အစီစဉ်

မနေ့က (26-10-12) ကြယ်ငါးကောက်သူများအဖွဲ့ကို ဆက်သွယ်ပြီး သူငယ်ချင်း အစ်မ တယောက် သူ့မွေးနေ့မှာ ကလေးတွေအတွက် အာဟာရဒါနပြုချင်တဲ့အကြောင်း အကြောင်းကြားရင်း သတင်းမေးဖြစ်ပါတယ် .. အစ်မရဲ့ စိတ်ကူးက ကလေးတွေ စားနေကျထမင်းဟင်းမျိုးမဟုတ်ပဲ ဒံပေါက်လို ထောပတ်ထမင်းလိုမျိုး စားနေကျမဟုတ်တဲ့ အစာ ပြီးတော့ ရေခဲမုန့် ကိတ်မုန့်လေးပါကျွေးချင်တာပါ ..

မျောက်ချောကုန်းဆိုတဲ့နေရာလေးက ဟိုးအစပိုင်းမှာ တော်တော်လေး ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပြီး  ခုနေတော့ တော်တော်လေး ချောင်လည်ခဲ့ပြီလို့ ပြောလို့ရပေမယ့် ဖြည့်ဆည်းဖို့ ကွက်လပ်လေးတွေလည်း တော်တော်များများ ရှိနေဆဲပါ ..

မိဝေးဖဝေး မပြည့်မစုံနဲ့ အသက်ရှင်သန်ရပ်တည်နေရတဲ့ အပြစ်မရှိတဲ့ ကလေးတွေကို အလုပ်တာဝန်တွေကြားက ဖြစ်အောင် ကူညီပေးနေတဲ့ အဖွဲ့တွေ များလာတာကလည်း အဆိုးထဲက အကောင်းတခုပါပဲ .. ခုလို ကူညီပေးနိုင်မယ့် အဖွဲ့စည်းတွေအဖြစ် ရပ်တည်နေနိုင်တာလည်း စေတနာ ထက်သန်စွာ လှူဒါန်းပေးနေကြတဲ့ အလှူရှင်များရဲ့ ကျေးဇူးပါပဲ .. အလှူရှင်များအားလုံးနဲ့ ကိုယ်ကျိုးမဖက်ပဲ အားလပ်ချိန်တွေထဲက ဖဲ့ပြီး လိုက်လံကူညီပေးနေတဲ့ အဖွဲ့အစည်းများအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ် ..

မနေ့က ကြယ်ငါးကောက်သူများအဖွဲ့ကို ကလေးတွေအတွက် အာဟာရဒါန လှူဒါန်းဖို့ ဆက်သွယ်မေးမြန်းတော့ အောက်ပါအတိုင်း အကြောင်းပြန်လာပြီး ကလေးတွေအတွက် စီစဉ်ထားတဲ့ အခြား အစီစဉ်လေးတွေပါ သိခွင့်ရခဲ့ပါတယ် .. ကိုယ်တိုင်တော့ ပြန်လာတဲ့ စာကို ဖတ်ရင်း ပျော်ရွှင်ကြည်နူးလာမိပါတယ် .. စာဖတ်သူတွေလည်း ဖတ်ကြည့်ပါဦး ..

မင်္ဂလာပါ မိုးခါး ရေ..
စိတ်ကူးကောင်းပါဘဲ..ဒန်ပေါက်လို

မျိုးတစ်ခါမှ မကျွေးဘူးသေးပါဘူး.။
ရေခဲမုန့်ပါဆိုတော့ ပိုကောင်းပါတယ်..
ခုလောလောဆယ်စိတ်ကူးနဲ့စီစဉ် ကြည်မိတာက..တစ်နေ့လုံးစာကိုတော့
အဆင်မပြေပေမဲ့
ညစာကိုတော့ အဆင်ပြေလောက်ပါတယ်..
ဖေါ့ဘူးတွေနဲ့ သယ်သွားရင် ရလောက်တယ်..
မျောက်ချောကုန်းမှာ စောင့်ကျွေးနိုင်ပေမဲ့ .ကွင်းကလေးနဲ့ ပန်းညိုကွင်းမှာတော့
ဆရာတော်တွေကို ဘူးတွေအပ်နှံ ထားခဲ့ရမဲ့သဘောရှိပါတယ်..
၅ နာရျီမှာထမင်းစားချိန်တူနေကြတာ
ကိုး..
မျောက်ချောကုန်းနဲ့က ၂ မိုင်လောက်ဝေးသေးတယ်လေ..
စီစဉ်တိုင်ပင်ကြည့်ပါဦးမယ် ..cost ပါမေးပြီးတွက်ပေးပါမယ် ..

ခုတင်မိုးခါးတို့ဆီ အကြောင်းကြား mail ပို့မလို့ .

အကြောင်းထူးက..
ဒီနေ့ 27.10.12 မှာ ၃ ကျောင်းစလုံးက ကလေး ၈၅ ဦးကို မြန်အောင်
တာဝတံသာဘုရားပွဲကို အလည်ခေါ်မှာ..
ဘုရားဖူး ဗဟုသုတခရီးတိုပေါ့..
မနက် ၇ နာရီ ကားလေးစီးနဲ့ ကလေးတွေကို သွားခေါ်ပါမယ်..
ကြယ်ငါးအဖွဲ့ အပြင် မြို့နယ် မီးသတ်ဋ္ဌာနနဲ့ ကြက်ခြေနီတပ်ဖွဲ့ကပါ ကူညီကြပါမယ်..
တရုတ်ဘုံကျောင်းမှာ နားဘို့စီစဉ်ထားပါတယ်..ခနနား..
ဘုရားပွဲကို ခြေလျှင်လျှောက်မယ်..
ဘုရားဖူးကံတော့ ..ပြီးရင် ရဟတ် နဲ့ ပျော့အိအိ ကစားကွင်းမှာ ကစားကြပါမယ်..
ကစားလို့ စီးလို့ပြီးရင် ဈေးတန်းလည်..၀ယ်ချင်တာရှိရင်
ဝယ်..
ဘုံကျောင်းကိုပြန်ကြပါမယ်..

နေ့လည်စာထမင်းကို ကြက်ဆီပြန်..အာလူးပဲဟင်းအချို..
ငါးပိကျော်နဲ့ကျွေးမယ်..
စားလို့ပီးရင် ဖိနပ် etc: လိုတာလေးတွေဝယ်ပေးပြီး.. မြို့ထဲကိုသွားမယ်..
နေခြည်ဈေးကိုဝင်ပြီး ဖိတ်ထားတဲ့ဆိုင်တွေ ကိုလည်မယ် (ဆိုင်တွေက မုန့်
စာအုပ် etc: ဝေကြမယ်)..ဆိုင် ၂၀ လောက်ဖိတ်ထားကြတယ်..

ပြီးရင် ဆုတောင်းပြည်စေတီကိုသွားမယ်..ဘု
ရားဖူးမယ်..ဧရာဝတီမြစ်ကိုပြမယ်..
ဘုရားမှာ ကျောက်ကျောရွှေရင်အေး စီစဉ်ထားပါတယ်..
ကြက်ခြေနီအဖွဲ့က ကျန်းမာရေးပညာပေးစကား ..ကြယ်ငါးအဖွဲ့က ပုံပြောတာမျိုးတွေလုပ်မယ်..
ပြီးရင် ရုံးလမ်းအတိုင်း
အားကာခန်းမ..ဆေးရုံ..ဆည်မြောင်း
ဝန်း..တရားရုံး..ဆေးရုံ..မ၀တရုံး..
ခရစ်ရန်ဘုရားကျောင်း..ဆက်သွယ်ေ
ရးစာတိုက် စတဲ့ လမ်းတစ်ရှောက် ပြမယ် ရှင်းပြမယ်..
လမ်းဆုံမှာ ပန်းခြံကို ရောက်မယ်..လျှောစီးကြ ကစားခိုင်းမယ်...
ပီးချိန်မှာ ဟိနူအဖွဲ့က အအေးနဲ့ မုန့်လာကျွေးကြမယ်..
အပြန်တွက်ကားစီစဉ်ထာမယ်..ပန်ြး
ခံကနေ မျောက်ချောကုန်းနဲ့ ၃ရွာစလုံး
ကိုပြန်ပို့ပေးမယ်..
အစီစဉ်က အဲဒါပါဘဲ..
မနက် ၅ နာရီကလူစစု မုန့်စားပြီးကြရင်..စကြမှာ..
ညနေ ၅ နာရီ ပြန်ပို့အပြီးလို့ မှန်းထားတယ်..

ပင်ပန်းမှာသေချာတယ်..အားလုံးပျေ
ာ်ကြမှာကပိုသေချာတယ်ထင်ပါတယ်..
ကားတွေကိုလဲ သင့်ငွေပေးငှားတယ်..အားလုံးအား
လုံးကို ကြက်ဝယ်တာကအစ
တန်ရာတန်ဘိုးနဲ့ပါ.. ရဟတ်အဖွဲ့က တ၀က်ပဲယူမယ်လို့ အကြောင်းပြန်ပါတယ်..
မနှစ်ကထက် ပိုအောင်မြင်မယ်ထင်တယ်..
နဲနဲဆိုးတာက အခုမိုးရွာနေတယ်..မနက်ကျရင်တော
တိတ်သွားမှာပါ..
ည ၇ နာရီအထိတော့ လမ်းမပျက်သေးဘူးလို့ ရွာက ဖုန်းဆက်တယ်..

ဖတ်ရတာ ညောင်းသွားလောက်ပီထင်တယ် တူမရေ..

ကျန်တဲ့သူတွေလဲ ပေးသိလိုက်ပါဦးနော်..
နောက်နေ့ မှတ်တမ်းပုံတွေပို့ပေးပါမယ်..

Cheers:

ဦးထွဋ်
ပျော်ရွှင်မှုတွေ ကူးစက်ခံစားမိကြမယ်လို့ ယုံကြည်ပါတယ် .. 
မိုးခါးအတွက်ကတော့ ပျော်ရွှင်ကြည်နူးမိသလို သနားဂရုဏာပါ သက်မိပါတယ် .. လူချင်း အတူတူ ကလေးချင်း အတူတူ ဘ၀လေးတွေ ကွာခြားကြတယ် .. ဘယ်လိုပဲဖြစ်ဖြစ် အပြင်ကမိစုံဖစုံနဲ့ အချိန်ပြည့် ပျော်ရွှင်နေကြတဲ့ ကလေးတွေလို မဟုတ်ပေမယ့် သူတို့လေးတွေလည်း အုပ်ထိန်းသူတွေရဲ့ ရင်ငွေ့ စေတနာရှင် အလှူရှင်များရဲ့ မေတ္တာငွေ့မှာ အေးချမ်းပျော်ရွှင်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ် .. 

ဆက်လက်ပြီး ဓါတ်ပုံမှတ်တမ်းများရရင် ထပ်မံ တင်ပြပေးပါ့မယ် ..

ကူညီပံ့ပေးမှုများ နှင့် အလှူရှင်များ၏ စေတနာ မေတ္တာများအား အစဉ် လေးစားကျေးဇူးတင်လျှက်

Kutho (http://www.kutho.org/)
Giving many helping hands

Thursday, September 13, 2012

မျောက်ချောကုန်း၊ ကွင်းကလေး နှင့် ပန်းညိုကွင်း ပရဟိတ ကျောင်းများ

ကုသိုလ်အဖွဲ့မှ ယခု လက်ရှိ ထောက်ပံ့ပေးနေသော ကျောင်းများကို အရှေ့က ပို့စ်တွင် ဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ် .. အခုတခါ ထပ်မံ ဝေမျှပေးလိုတာကတော့ ပရဟိတ ကျောင်းများဖြစ်တဲ့ မျောက်ချောကုန်း၊ ကွင်းကလေး နှင့် ပန်းညိုကွင်း အစရှိသော နေရာလေးများပဲ ဖြစ်ပါတယ် ..

ကုသိုလ်အဖွဲ့မှ မြန်အောင်မြို့ရှိ ကြယ်ငါးကောက်သူများ အဖွဲ့ နှင့် ဆက်သွယ်၍ ထိုနေရာများသို့ ၂၀၁၂ ဇန်န၀ါရီ လမှ စတင်ပြီး တထောင့်တနေရာမှ ကူညီမှုများ စတင်ခဲ့ပါတယ် ..

ကုသိုလ်အဖွဲ့စတင်စဉ်က ပညာရေးကို ဦးစားပေးကူညီဖို့ ရည်ရွယ်ခဲ့ပြီး ယခု ဖော်ပြပါ နေရာများကိုတော့ ပညာရေးထောက်ပံ့မှု အပြင် ဘက်စုံ လိုအပ်ချက်များကိုပါ အလှူရှင်များနှင့် အလှူငွေရရှိမှုပေါ်မူတည်၍ ပံ့ပိုးနိုင်ခဲ့ပါတယ် ..

မြန်အောက်ဘက်ရှိ ကြယ်ငါးကောက်သူများအဖွဲ့ နှင့် ကုသိုလ်အဖွဲ့မှ ဖော်ပြပါနေရာများသို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မှုများကတော့ -
- ကျောင်းတွင် ရှိသော ကလေးများအား အစားအစာနှင့် ပညာရေးအထောက်အကူပြု ပစ္စည်းများကူညီထောက်ပံ့ခြင်း
- ပြဌာန်းစာအုပ်များ ၀ယ်ယူထောက်ပံ့ခြင်း
- ထမင်းစားဆောင် မိုးမလုံခြင်းအတွက် ပြုပြင်ခြင်း
- ကလေးများ အိပ်ယာနေရာများအတွက် ဖယောင်းပုဆိုး ခင်းပေးခြင်း
- ကလေးများ ဖိနပ်ထားရန် ဖိနပ်အုတ်ခုံ ပြုပြင်တည်ဆောက်ခြင်း အစရှိသည်တို့ ဖြစ်ပါတယ် ..

ကုသိုလ်အဖွဲ့မှ ပေးပို့ လှူဒါန်းငွေများ အပြင် မြန်အောင်ရှိ ကြယ်ငါးကောက်သူများအဖွဲ့ဝင်များမှလည်း လစဉ် ထည့်ဝင်ငွေများ ထည့်ဝင်၍ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် လိုအပ်သော ပြုပြင်မှုများ၊ ကလေးများအတွက် အစာအဟာရလှူဒါန်းခြင်းများ၊ ကျောင်းတက်ရန် မစွမ်းနိုင်တဲ့ နွမ်းပါးသော ကလေးငယ်များကို ကျောင်းထားပေး၍ အပတ်စဉ် ကျောင်းစရိတ် ကူညီထောက်ပံ့မှုများ၊ ရာသီအလိုက် လိုအပ်သော ပစ္စည်းများ ဖြစ်သည့် ထီး၊ ဖိနပ်၊ ထမင်းဗူး အစရှိသော ပစ္စည်းများအား ၀ယ်ယူထောက်ပံ့ခြင်း စသည်တို့ကို ကူညီပံ့ပိုးပေးလျှက် ရှိပါသည် ..

ထိုကျောင်းကလေးများမှာ အတော်ပင် နွမ်းပါး၍ လိုအပ်ချက်များစွာလည်း ရှိနေပါသေးသည် .. လိုအပ်ချက်များကိုလည်း လက်ခံရရှိသော အလှူငွေများနှင့် သင့်လျှော်ညီမျှအောင် သုံးစွဲ၍ ရန်ပုံငွေ ပိုလျှံပါကလည်း ညနေပိုင်း မူလတန်းစာသင်ဝိုင်းများတွင် အာဟာရကျွေးခြင်းများ၊ ထူးချွန်ဆုပေးခြင်းများ စသည်တို့ကို ပြုလုပ်ပေးလျှက်ရှိပါသည် ..

လက်ရှိ ကျောင်းသား/သူ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ..

မျောက်ချောကုန်း ပရဟိတ ကျောင်းသား/သူ (၅၉) ဦး
ကွင်းကလေးကျောင်း ပရဟိတ ကျောင်းသား/သူ (၁၆) ဦး
ပန်းညိုကွင်းကျောင်း ပရဟိတ ကျောင်းသား/သူ (၁၀) ဦး  တို့ ဖြစ်ပါသည် ..

ကြယ်ငါးကောက်သူများ အဖွဲ့ မြန်အောင်မြို့မှ ပေးပို့ပေးခဲ့သော ကျောင်းနှင့် ကလေးများ၏ အနေအထားများကို အောက်တွင် ပုံများဖြင့် ပြန်လည် ဝေမျှထားပါသည် .. 









ယခု လက်ရှိအနေအထားအရ ထိုကျောင်းလေးများအတွက် လိုအပ်ချက်များစွာ ရှိနေပါသေးတယ် .. ကလေးများကို အစာအဟာရ ကျွေးသည်မှစလို့ နေရာထိုင်ခင်းများ ကျောင်းသုံးပစ္စည်းများ အဆုံး လိုအပ်နေပါတယ် .. သို့ပါသောကြောင့် ထိုနေရာလေးများသို့ လှူဒါန်းလိုကြတယ်ဆိုရင် ကုသိုလ်အဖွဲ့ကို ဆက်သွယ်၍သော်လည်းကောင်း မြန်အောင်မြို့ရှိ ကြယ်ငါးကောက်သူများ အဖွဲ့သို့ တိုက်ရိုက် ဆက်သွယ်၍သော်လည်းကောင်း လှူဒါန်းနိုင်ကြပါတယ် ..

ကြယ်ငါးကောက်သူများ အဖွဲ့သို့ ဆက်သွယ် လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပါတယ် ..

စင်ကာပူနှင့် တခြားနိုင်ငံများမှ စိတ်ပါဝင်စား လှူဒါန်းလိုသူများ kutho.blog@gmail.com ကုသိုလ်အဖွဲ့သို့ တိုက်ရိုက် မေးဖြင့်ဆက်သွယ်၍ လှူဒါန်းပေးနိုင်ပါတယ် .. ကုသိုလ်အဖွဲ့ဘက်မှလည်း ထိုကျောင်းလေးများသို့ ထောက်ပံ့ပေးနေသော အလှူရှင် အင်အား နည်းပါးနေပါသေးတယ် ..
ယခုလ စက်တင်ဘာ ၂၀၁၂ မှ စတင်ပြီး ကလေးများအတွက် စားစရိတ်ကို ကုသိုလ်အဖွဲ့မှ လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် .. စားစရိတ်အတွက် မျောက်ချောကုန်း (၈၀၀၀၀) ကျပ် နှင့် ကွင်းကလေး(၃၂၀၀၀) ကျပ် လစဉ်ကုန်ကျလျှက်ရှိပါတယ် .. (အတိုးအလျော့လည်း ရှိနိုင်ပါတယ်) .. အကယ်၍ အလှူငွေ ပိုရခဲ့ရင် ကလေးတွေအတွက် လိုအပ်တဲ့နေရာမှာ လစဉ် ကူညီထောက်ပံ့ပေးသွားနိုင်မှာ ဖြစ်ပါတယ် .. သို့ပါ၍ ကလေးများအတွက် ကူညီလှူဒါန်းပေးကြဖို့ ဒီနေရာကနေ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ် ..

မှတ်ချက် - ကလေးများအတွက် အစားအစာ စီစဉ်ပေးရာတွင် အသားဟင်းဟု ဆိုစရာ ဘဲဥ လောက်သာ များသောအားဖြင့် ပါပါသည် ..

ကူညီပံ့ပေးမှုများ နှင့် အလှူရှင်များ၏ စေတနာ မေတ္တာများအား အစဉ် လေးစားကျေးဇူးတင်လျှက်

Kutho (http://www.kutho.org/)
Giving many helping hands

Tuesday, September 4, 2012

ပညာရေးထောက်ပံ့ခြင်း အစီအစဉ်နှင့် အလှူငွေ လွှဲအပ်မှု ပ+ဒု ကြိမ် (၂၀၁၂)

မင်္ဂလာပါ

ကုသိုလ်နှင့် Lotus Foundation အဖွဲ့တို့ ပူးပေါင်း၍ ကလေးငယ်များအတွက် ၂၀၁၂-၁၃ ခုနှစ် ပညာရေးထောက်ပံ့မှု အစီအစဉ်ကို ယခုနှစ် ကျောင်းဖွင့်ချိန်မှ စတင်ခဲ့ပါသည်။ လက်ရှိ အဖွဲ့မှ ထောက်ပံ့ပေးနေသော ကျောင်းများမှာ-
- ရွှေပြည်သာ
- လှိုင်သာယာ
- ကွမ်းခြံကုန်း
- ဘိုကလေး
- ဘက သင်ချောင်း
- အ.မ.က တွဲ ကျုံစလူ
- ဘက ကျွန်းနှစ်ပင်
- အ.မ.က သင်ချောင်း
- ဘက ရုပ်ဆိုင်
- တွဲ အ.လ.က ပျဉ်းမကုန်း
- အ.မ.က မူလွန် မရဲရွာသစ်
- အ.မ.က ငြုပ်ကောင်း
- ထခွဲ အောက်လှည်းဆိပ်
- အ.လ.က (ခွဲ) ရုပ်ဆိုင်
- ရာဇူဒိုင်
- မော်ကျွန်း ဘ.က၊ သောင်
- အ.မ.က အထက်ချောင်း
- ကျွန်းခယ်မ
- ဒေးဒရဲ
- ဖျာပုံ၊ အဇုတ်ကြီး
- အ.မ.က အောက်ကွင်း (၂)
- အ.မ.က မူလွန် အောက်ကွင်း (၁)
- အ.မ.က စံပြ အောက်ကွင်း
- အ.မ.က မူလွန် မှော်ဘီ
- အ.မ.က ထိန်တပင်
- ပေါင်းတလည် ပြည် တို့ဖြစ်ပါတယ်။ ထိုကျောင်းများ တည်ရှိရာ မြို့များကတော့ ရွှေပြည်သာ၊ လှိုင်သာယာ၊ ကွမ်းခြံကုန်း၊ ဘိုကလေး၊ မော်ကျွန်း၊ ဒေးဒရဲ၊ ဖျာပုံ နှင့် ပေါင်းတလည် ပြည် တို့ ဖြစ်ကြပါတယ်။

ထိုကျောင်းများရှိ မူလတန်း အလယ်တန်း နှင့် အထက်တန်း ကလေးစုစုပေါင်း (၅၀၄) ယောက်အတွက် အလှူငွေများကို ဇွန်လမှ စတင်ကောက်ခံခဲ့ပါသည်။ အလှူငွေများကို ၂လတကြိမ် ကောက်ခံခဲ့ပြီး ပုံမှန်အားဖြင့် ဇွန်၊ သြဂုတ်၊ အောက်တိုဘာ နှင့် ဒီဇင်ဘာလများတွင် ရန်ကုန်ရှိ Lotus Foundation အဖွဲ့က မောင်နှမများက သက်ဆိုင်ရာ ကျောင်းများသို့ သွားရောက် ကူညီ ပို့ဆောင်ပေးပါသည်။

ပထမအကြိမ်အဖြစ် ကလေးများအတွက် အလှူငွေကို ဇွန်/ဇူလိုင်လတွင် လွှဲပို့ပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် သြဂုတ်လတွင် ထပ်မံ လွှဲပို့ပေးခဲ့ပါသည်။

အလှူရှင်စာရင်းနှင့် ကျောင်းသားစာရင်းများကို ဖြည့်စွက်သည့်အခါတွင် အချို့ ဖြည့်စွက်စရာများ ကျန်ရှိနေသေးမှုကြောင့် အလှူရှင်များထံသို့ ပေးပို့အကြောင်းကြားမှု မပြုလုပ်နိုင်သေးသည့်အတွက် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်လိုပါသည်။ စာရင်းများကို အမြန်ဆုံး အတည်ပြုပေးပြီး ပေးပို့ပေးပါမည့်အကြောင်းလည်း အသိပေးလိုပါသည်။

စာရင်းမတည်ငြိမ်ရသေးခြင်းအကြောင်းကိုလည်း အနည်းငယ် ရှင်းပြလိုပါသည်။

နာဂစ်ဖြစ်ပြီးနောက်ပိုင်း ၂၀၀၈ခုနှစ်မှ စ၍ အဖွဲ့မှ ကလေးများကို စတင်ထောက်ပံ့ခဲ့ပါသည်။ အစဦးဆုံး စာရင်းများတွင် ကလေးများသည် မိခင်မရှိ (သို့မဟုတ်) ဖခင်မရှိ (သို့မဟုတ်) နှစ်ဦးစလုံး မရှိကြသည်က များပါသည်။ နောက်တနှစ် စာရင်းတွင် အရင်နှစ်က မိဘမရှိသော ကလေးများ၏ မိဘများ ပြန်လည် ပေါ်လာတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် .. အစဦးဆုံး ထောက်ပံ့ခဲ့ချိန်တွင် ကလေးများသည် မိဘနှင့် ကွဲကွာနေပြီ မိဘများ သေဆုံးပြီဟု မှတ်ယူ၍သော်လည်းကောင်း တချို့ကတော့ မိဘ ရှိသည်ဟု သိရှိပါက ထောက်ပံ့ကြေးငွေ မရရှိမှာစိုးသည့် အဖြစ်များကြောင့် ဖြစ်ပါသည်။ (ကလေးများ၏ မိသားစုများသည် အတော်လေး ချို့တဲ့သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။)

နောက်ထပ် ဖြစ်တတ်သည်ကတော့ .. အစဦးဆုံးနှစ်တွင် ကလေးတယောက်သည် ဖခင်ရှိပြီး မိခင် သေဆုံးဟု စာရင်းပေးခဲ့ပါသည်။ နောက်တနှစ်တွင်တော့ မိခင် ပြန်ပေါ်လာပါသည်။ အကြောင်းမှာ ဖခင် နောက်အိမ်ထောင် ပြုလိုက်သောကြောင့် ဖြစ်ပါသည်။

ကလေးတယောက် စာမေးပွဲကျခြင်း၊ ကျောင်းထွက်ခြင်းကြောင့် နောက်ကလေးတဦး အစားထိုးသည့် အခါများလည်း ရှိပါသည်။ ထိုအခါများတွင်လည်း မြန်မာပြည်ဘက်မှ ဖြည့်စွက်စာရင်းများကို စောင့်ဆိုင်းပြီး အလှူရှင်များအတွက် စာရင်းကို ပြင်ဆင် ဖြည့်စွက် ပေးရပါသည်။ စသည့် အကြောင်းကြောင်းကြောင့် စာရင်းများကို နှစ်စမှစ၍ မပေးနိုင်သည်ကို နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။

တတိယအကြိမ်အဖြစ် အလှူငွေများကို စက်တင်ဘာလ နောက်ဆုံးပတ်လောက် တွင် ပြန်လည်ကောက်ခံ ပါမည့်အကြောင်းနှင့် မြန်မာနိုင်ငံဘက်သို့ အောက်တိုဘလဆန်းတွင် ပေးပို့ဖို့ စီစဉ်ထားပါသည့်အကြောင်း အကြောင်းကြားအပ်ပါသည်။

မေတ္တာရှင် အလှူရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ..

Friday, June 29, 2012

ကွမ်းခြံကုန်း ခရီးစဉ်

Lotus Foundation နဲ့ ကုသိုလ် အဖွဲ့ဝင်တွေ ၁၀-၅-၂၀၁၂ ရက်နေ့ မနက်အစော ၇နာရီလောက်မှာ ကျောက်တန်းသွားတဲ့ ကားတွေရှိတဲ့ တာမွေ အ၀ိုင်းမှတ်တိုင်က တဆင့် ကျောက်တန်းရေလည် ဘုရားဆိပ်ကမ်းနားကို ဦးစွာ သွားရောက်ခဲ့ကြပါတယ် .. အဲဒီကမှတဆင့် ကွမ်းခြံကုန်းအနီးအနားထိရောက်တဲ့ မိသားစုသမ္မာန်လေးတစီးနဲ့ ခရီးဆက်ခဲ့ကြပါတယ် .. ကျောက်တန်းရောက်ပြီး သမ္မာန် (သို့) သဘောင်္လေးတွေ ထွက်တဲ့ အချိန်ကိုဦးစွာ စုံစမ်းရပါတယ် .. အချိန်ကလည်း အတိအကျမရှိပါဘူး .. ၉နာရီ ၁၀နာရီလောက်ထွက်တတ်ပါတယ် .. အကယ်၍များ အဲဒီအချိန်မမှီလို့ သဘောင်္လွတ်သွားခဲ့ရင် ထပ်မံစောင့်ဆိုင်းရတတ်ပါတယ် ..  ၉နာရီလောက် ကျောက်တန်းရောက်သွားချိန်မှာ သမ္မာန်ထွက်ချိန် စုံစမ်းကြည့်တော့ ၁၀နာရီမှဆိုလို့ အားလုံး မနက်စာ စားရင်း စောင့်ဆိုင်းကြရပါတယ် ..
 သံလျင် ကျောက်တန်းရေလည်ဘုရား
  သံလျင် ကျောက်တန်းရေလည်ဘုရား

၁၀နာရီ သမ္မာန်စထွက်ပြီး ၂နာရီ ခွဲ ၃နာရီလောက် စီးပြီးချိန်မှာတော့ ကွမ်းခြံကုန်း တော်ကေးကျေးရွာနဲ့ ၂ရွာအလိုက ရွာလေးမှာ သမ္မာန် ကပ်ပါတယ် .. အဲဒီကိုရောက်တာနဲ့ သမ္မာန်ပေါ်က ဆင်းရင် ရွံ့ဗွက်တွေကို ဖြတ်ရပါတယ် .. မိုးတွင်းဖြစ်ပြီး ကံမကောင်းခဲ့ရင် အဲဒီနွံတွေဟာ ဒူးဆစ်ကျော်လောက်ထိ နစ်တတ်ပါတယ် .. ဒါပေမယ့် အဲဒီရက်မှာတော့ ကံကောင်းစွာပဲ ခြေမျက်စိထိသာ နွံ့တွေရှိခဲ့ပါတယ် ..

 စထွက်ပါပြီ




 ပင်လယ်ဝ အနား

 ရွာလေးအနားကို သမ္မာန်ကပ်ပါတော့မယ်
 မြင်နေရတာကတော့ ရွံ့နွံတွေပါ
 ခုလိုဆင်းပြီး ကမ်းပေါ်ကို တက်ရပါတယ် ..
 ကမ်းပေါ်မှာတော့ ဘုန်းဘုန်းလွှတ်လိုက်တဲ့ ကြိုမယ့်ဆိုင်ကယ်တွေ ရောက်နေပါပြီ
 စီးလာခဲ့သော သမ္မာန် (မိသားစု သဘောင်္လို့ ပြောနိုင်ပါတယ် ..)

 ဗွက်ထဲတိုးခဲ့ကြောင်း အဖွဲ့ဝင်များမှ သက်သေ

ရွာဝင် လမ်းမ
ဘုန်းဘုန်းကျောင်းမှ ကျွေးသော မနက်စာ
 စာသင်ဆောင်
 စာသင်ဆောင်
  စာသင်ဆောင်
 အိပ်ဆောင်
 ကျောင်းဝင်းအတွင်း
 ညနေစာ စားချိန်
 ခုလိုမျိုး အားလုံး ၀ိုင်းဖွဲ့ စားကြရပါတယ်
 နေ့တိုင်းစားကြရတဲ့ ချဉ်ရည်ဟင်းပါ .. (ကန်စွန်းရွက် ၂၀၀၀ ဖိုး)
အလှူရှင် မရှိရင် များသောအားဖြင့် ချဉ်ရည်ဟင်းနဲ့ ငပိရည်နဲ့ပဲ နေ့စဉ်ကျွေးနိုင်ပါတယ် .. အလှူရှင်ကလည်း မရှိတာများပါတယ် ..
 လုပ်အားပေး

 ညစာ
 အဖွဲ့မှ ကူညီထောက်ပံ့ပေးထားသော ကလေးများ
 မှောင်ထဲ ခုလိုပဲ ဆော့ခဲ့ကြတယ်


 ကလေးတွေရဲ့ နေ့စဉ် ဟင်းကတော့ ချဉ်ရည်ဟင်းနဲ့ ငပိရည်ပါ .. ထမင်းကလည်းပုံမှာပြထားတဲ့ ဇလုံနဲ့ ၃ ၄ အိုးတည်ထားရပါတယ် .. ကလေးတွေက စာသင်ချိန်ကလွဲရင် နေကုန် ဆော့တယ် .. ပြီးတော့မောပြီး ဘာနဲ့ဖြစ်ဖြစ် စားကြပါတယ် .. သရေစာမုန့် ဘာမှ မရှိရှာပါဘူး .. ရန်ကုန်နဲ့ မဝေးပေမယ့် သွားလာရေး ခက်ခဲလို့ အလှူရှင် အရောက်နည်းတဲ့ နေရာလည်း ဖြစ်ပါတယ် .. တခါတလေ အလှူရှင်ရှိရင်တော့ အသားလေး ငါးလေး စားရပါတယ် .. အသားငါးဆိုတာလည်း ဈေးဆိုပြီးမယ်မယ်ရရ မရှိတဲ့အတွက် ရချင်မှလည်း ရပါတယ် .. တော်တော်လေး ခေါင်တယ်လို့ ပြောနိုင်ပါတယ် .. ဟင်းဆိုရင်လည်း ကျောင်းက ကိုရင်ကြီးတွေ အလှည့်ကျ ချက်ကြပါတယ် .. အားချိန် နားချိန် ကစားချိန်ရယ်လို့ သီးသန့် မရှိပဲ ကျောင်းကိစ္စတွေ လုပ် ပြီးရင် အငယ်တွေကို ထိန်းကျောင်းရနဲ့ မအားကြရရှာပါဘူး ..

ကလေးတွေက ဧည့်သည်လာတယ်ဆို ပျော်ကြတယ် .. စကားတွေ ၀ိုင်းပြော ၀ိုင်းဆော့ ကဗျာတွေ ရွတ်နဲ့ပါ .. စိတ်ချမ်းသာစရာလည်းကောင်း စိတ်မကောင်းလည်း ဖြစ်ရပါတယ် .. သူတို့လေးတွေရဲ့ ဘ၀ကြောင်းလေးတွေကိုလည်း ပြောပြတတ်ကြပါတယ် .. အဲဒီအချိန်ကလည်း မိုးတော်တော်ချုပ်တဲ့ထိ မအိပ်ကြပဲ ဆော့ကြ ကဗျာတွေရွတ်ကြနဲ့ ၀ိုင်းနေကြပါတယ် .. အဲဒါနဲ့ပဲ ဘုန်းဘုန်းကိုယ်တိုင်လည်း မအိပ်ရပဲ မီးစက်ကြီးလည်း မောင်းပေးထားရပါတော့တယ် ..

ကလေးတွေတိုင်းလိုလိုမှာ ရည်ရွယ်ချက် စိတ်ကူးလေးတွေ ကိုယ်စီရှိကြပါတယ် .. ဘ၀ကိုလည်း နားလည်နေကြပါပြီ .. သူတို့ ပျော်ကြတယ် .. ဘုန်းဘုန်းနဲ့တကွ ဦးဆောင်ထိန်းကျောင်းပေးတဲ့ ကိုရင်ကြီးများနဲ့ အတူ သူတို့ ပျော်ကြတယ် ..

အဲဒီကျောင်းမှာ ကျောင်းမတက်သေးတဲ့ ကလေးအရွယ်ကစလို့ ၁၀တန်းထိ ကျောင်းသားတွေ ရှိပါတယ် .. သူငယ်တန်းကနေ ၇တန်းထိက ဘုန်းကြီးကျောင်းမှာ သင်ကြား အောင်မြင်ကြပြီး ၈တန်း ၉တန်းကို ဘုန်းကြီးကျောင်းမှာနေရင်း ရွာထဲက ကျောင်းကို သွားတက်ကြပါတယ် .. ထမင်းဗူးကအစလည်း ဘုန်းကြီးကျောင်းကပဲ စီစဉ်ပေးပါတယ် .. ၁၀တန်းကျောင်းသားတွေအတွက်ကတော့ ဘော်ဒါသဘောမျိုး ထားပေးရပါတယ် .. ၅သိန်းလို့ သိရပါတယ် ..

ညဘက် ပြန်ဖို့ကိုတော့ ကားနဲ့ပြန်မယ်လို့ စီစဉ်ထားပြီး ကားလာမယ့်အချိန်က မနက် ၁နာရီဖြစ်ပါတယ် .. ကွမ်းခြံကုန်းခရီးကို ကားနဲ့တမျိုး ရေလမ်းကတမျိုးသွားနိုင်ပါတယ် .. ကားကတော့ မိုးတွင်းဆို မထွက်ပါဘူး .. ကားလမ်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိပဲ ကန်သင်းရိုးတွေ ရွာလမ်းတွေက မောင်းရပါတယ် .. အကယ်၍ အပြန်ခရီးကိုလည်း ရေလမ်းက ပြန်မယ်ဆို မနက် ၂နာရီအရောက် ဆိပ်ကမ်းကို ဆင်းရပါမယ် .. ၂နာရီ ဆိပ်ကမ်းကို ရောက်ဖို့ ဆိုင်ကယ် သို့မဟုတ် လမ်းလျှောက်ရပါတယ် .. ဆိုင်ကယ်လမ်းဆိုတာလည်းပဲ လယ်ကန်သင်းရိုးတွေကြားက သွားရတာပါပဲ .. ကံဆိုးပြီး မိုးရွာရင်တော့ လမ်းလျှောက်ပေတော့ .. ဆိုင်ကယ်နဲ့ နာရီဝက်မို့ လမ်းလျှောက်ရင်တော့ ၁နာရီ ၁နာရီခွဲလောက် ကြာပါမယ် .. လူသွားလမ်းမဟုတ်တဲ့ လယ်ကန်သင်းရိုးတွေကမို့ ခရီးလည်း မတွင်လှပါဘူး .. အပြန်မှာတော့ ကားလမ်းသိချင်တာက တကြောင်း မှောင်မှောင်မဲမဲနဲ့ ပင်လယ်ဝနားထိ သွားဖို့ မရဲလှတာက တကြောင်းမို့ ကားနဲ့ပဲ ပြန်ခဲ့ကြပါတယ် ..

ဟိုင်းလပ်ကားလေးတစီး မနက် ၁နာရီပတ်ဝန်းကျင်မှာ ခရီးသည်တွေကို လိုက်လံ ခေါ်ဆောင်ပါတယ် .. အဲဒီကားလွတ်သွားရင်လည်း နောက်ထပ် ကားမရှိတော့ပါဘူး .. အချိန်မှီပြန်ရောက်ချင်ရင်တော့ အချိန်မှီလေး ပြေးရပါမယ် .. Lotus အဖွဲ့က မောင်လေး၂ယောက်ကတော့ စတုန်းက ကားနောက်ဘက်မှာ နေရာရပေမယ့် နောက်တော့ နောက်လူတွေ(အမျိုးသမီးများ) နေရာရဖို့အတွက် ခေါင်မိုးပေါ်က တက်လိုက်ကြရပါတယ် .. အလွန်ဖုန်ထူပြီး လမ်းလည်း အတော်လေး ကြမ်းပါတယ် .. မနက်မိုးလင်း ဒလဘက်ရောက်တော့ အကုန် မျောက်ဖြူတွေ ဖြစ်လို့ပါပဲ ..
စီးလာသော ကား .. လူအပြည့်အလျှံ ကုန်အပြည့်အလျှံ
 ဒလဘက်ကနေ သဘောင်္နဲ့ ရန်ကုန်ဘက် ကူးပါတယ် .. ရန်ကုန်ဘက်ကမ်းကို မြင်နေရပါပြီ ..

 ရန်ကုန် မနက်ခင်း

ရန်ကုန်မြို့ကြီး ငိုက်မြည်းနေဆဲပါ

၂၀၁၂ မေလကသွားခဲ့တဲ့ ကုသိုလ်နဲ့ Lotus အဖွဲ့ရဲ့ ခရီးစဉ် ပြီးဆုံးပါပြီ .. အစစ အဆင်ပြေချောမွေ့ခဲ့တာ Lotus အဖွဲ့က ကိုဇင်မင်းမော်၊ ကိုစိုးပိုင်၊ ကိုမင်းမင်းဇော်၊ မအိဖြူတို့ကြောင့်ပါပဲ .. အကယ်၍များ ခုလို ကူညီပို့ဆောင်ပေးမယ့်သူမရှိခဲ့ရင် အကြောင်းမသိပဲ အတော်လေး ခက်ခဲ့ပါလိမ့်မယ် .. အဲဒါကြောင့် အထူးကျေးဇူးတင်ကြောင်း ဒီနေရာမှ ပြောချင်ပါတယ် .. ပြီးတော့ မော်ကျွန်းကိုရောက်တုန်း အစစ အကုန်ကူညီပေးခဲ့တဲ့ မြို့ခံအကို၂ယောက်ကိုလည်း ကျေးဇူးအလွန်တင်ပါတယ် .. ခရီးစဉ်ဖြစ်ဖို့ တိုက်တွန်းအားပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ် .. အခြားအခြားသော အဖက်ဖက်က စေတနာ မေတ္တာအပြည့်နဲ့ ကလေးများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသူအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဒီနေရာမှ မှတ်တမ်းတင်အပ်ပါတယ် .. ဆက်လက်ပြီးတော့လည်း ကလေးများရဲ့ အနာဂတ်အတွက် ဆက်လက် အားပေးကူညီကြပါဦးရှင် ..

ကျေးဇူးတင်ရှိစွာဖြင့်
Kutho (http://www.kutho.org/)
Giving many helping hands