Monday, May 28, 2012

၂၀၁၁/၁၂ ပညာသင်နှစ် အောင်စာရင်း နှင့် ၂၀၁၂/၁၃ ပညာသင်နှစ်အတွက် အလှူငွေစတင်လှူဒါန်းနိုင်ပြီဖြစ်ကြောင်းအသိပေးခြင်း(Event on June 23rd)

ခင်မင်လေးစားရပါသော စေတနာရှင်များနှင့် မိတ်ဆွေများ အားလုံးကို "မင်္ဂလာပါ" လို့ နှုတ်ခွန်းဆက်သပါတယ်...

ကုသိုလ်အဖွဲ့  နှင့် Lotus Foundation တို့၏ ၂၀၁၁-၁၂ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့မှုအစီအစဉ် အတွက် စာရင်းရှင်းတမ်းတင်ပြခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း နှင့် စေတနာရှင်များ၏ အကြံပေးဆွေးနွေးမှု့ တို့ကို အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဖြစ်ပါ၍ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

ပထမဆုံး အသိပေးလိုတာကတော့ ၂၀၁၁-၁၂ ပညာသင်နှစ်အတွက် အောင်စာရင်းများ  လက်ခံရရှိပြီး ဖြစ်ပါတယ်။ (၁၀ တန်းအောင်စာရင်း မထုတ်ပြန်သေးပါ။)
သင်္ကြန်ပြီးနောက်ပိုင်း အောင်စာရင်းထွက်တာ ဖြစ်ပေမယ့် နယ်မြို့တွေ ဖြစ်နေတာကတစ်ကြောင်း၊ အကူညီပေးသူတွေဘက်မှ မအားလပ်ဖြစ်နေတာတွေကြောင့် တစ်ကြောင်း၊ အကြောင်းကြောင်းတွေကြောင့် အသိပေးနောက်ကျရခြင်းအတွက် နားလည်ပေးဖို့ ဦးစွာ တောင်းပန်လိုပါတယ်။ အလှူရှင်တချို့ အတွက် ကျောင်းသားတွေရဲ့ ပရိုဖိုင်များ မပို့ပေးနိုင်သေးတဲ့ အတွက်လည်း တောင်းပန်လိုပါတယ်။

ပညာသင်စရိတ် ထောက်ပံ့မှု လက်ခံရရှိသောကျောင်းသားများထဲမှ စာမေးပွဲကျရှုံးမှု (499ဦး အနက် 15 ဦး) တွေရှိပါတယ်။ အဲဒီကျောင်းသားတွေအတွက် အဖွဲ့ရဲ့ စည်းကမ်းအရ ပညာသင်စရိတ် ထောက်ပံ့မှုကို ရပ်ဆိုင်းပါတယ်။ ပညာသင်စရိတ် ထောက်ပံ့မှု လက်ခံရရှိသောကျောင်းသားများသည် တစ်နှစ်တစ်တန်း ပုံမှန်အောင်ရမည်ဖြစ်သည့် စည်းကမ်းကိုလည်း ကျောင်းသားတွေ၊ အုပ်ထိန်းသူတွေကိုလည်း ကြိုတင် အသိပေးအကြောင်း ကြားထားပါတယ်။  ခြွင်းချက်အနေနဲ့ကတော့ အလှူရှင်များဖက်မှ စာမေးပွဲကျရှုံးတဲ့ကျောင်းသားအတွက် ဆက်လက် ပံ့ပိုးပေးရန်ဆန္ဒရှိပါက ဆက်လက် ထောက်ပံ့ပေးသွားပါမှာပါ။
ယခုနှစ် ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် အလှူငွေကောက်ခံမှုနှုန်းထားကတော့ ယခင်နှစ်ကအတိုင်း စာသင်နှစ် (၈)လကို (၂) လတစ်ကြိမ် (၄)ခါ ခွဲပြီး အောက်ပါနှုန်းထားများအတိုင်း မပြောင်းလဲဘဲ ကောက်ခံသွားမှာပဲ ဖြစ်ပါတယ်။
မူလတန်း         - (၂) လအတွက် (S$ ၂၀)
အလယ်တန်း     - (၂) လအတွက် (S$ ၃၀)
အထက်တန်း     - (၂) လအတွက် (S$ ၄၀)
အလှူငွေကောက်မယ့်လတွေကတော့ မေလကုန်တစ်ကြိမ်၊ ဇူလိုင်လကုန်တစ်ကြိမ်၊ စက်တင်ဘာလကုန်တစ်ကြိမ်၊ နိုဝင်ဘာလကုန်တစ်ကြိမ် ဆိုပြီး (၄)ခါ ခွဲပြီး ကောက်ခံသွားမှာ ဖြစ်ပါတယ် ။
ပညာသင်စရိတ် ထောက်ပံ့ကြေး ဆက်လက် လှူဒါန်းလိုသူများအတွက် အလှူငွေများကို စတင်ကောက်ခံနေပြီဖြစ်ကြောင်း အသိပေးလိုပါတယ်။ ယခုနှစ်အတွက် ပထမအကြိမ် ထောက်ပံကြေးကို ဇူလိုင်လဆန်းပိုင်း မှာ နောက်ဆုံးထားပြီး မြန်မာပြည်ဖက် လွှဲပြောင်းပေးဖို့ အတည်ပြုထားပါတယ်။

၂၀၁၁-၁၂ ပညာသင်နှစ် စာရင်းရှင်းတမ်း၊ စေတနာရှင်များ၏ အကြံပေးဆွေးနွေးမှု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကို အောက်ပါအစီအစဉ်တိုင်း ကျင်းပမည်ဖြစ်သောကြောင့် စေတနာရှင်များ မပျက်မကွက် တက်ရောက်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
စိတ်ဝင်စားသူများလည်း တက်ရောက်ပြီး အကြံပေးဆွေးနွေးဖို့ရာ လေးစားစွာဖိတ်ကြားပါတယ်။

နေ့ရက် ။       ။   23 June 2012 ( Saturday )
အချိန်   ။       ။   နေ့လည် 2:30 နာရီမှ 5:00 နာရီအထိ
နေရာ   ။       ။   ဆမ်းဘာဝမ်း ဓမ္မဥယျာဉ်ကျောင်း
Dhamma Garden Buddhist Society (Singapore)
Springs Estate 17 Jalan Sendudok, Singapore 769454
အခမ်းအနားအစီအစဉ်             ၁။  ။  ပညာသင်ထောက်ပံ့ခဲ့မှု အခြေအနေ အကျဉ်းချုပ်         
   ၂။  ။ ၂၀၁၁-၁၂ ပညာသင်နှစ် စာရင်းရှင်းတမ်းနှင့် အခြေအနေများ တင်ပြခြင်း         
   ၃။  ။ ၂၀၁၂-၁၃ ပညာသင်နှစ် အတွက် ရှေ့လုပ်ငန်းစဉ်မျာရှင်းလင်းခြင်း         
   ၄။  ။ အကြံပြုဆွေးနွေခြင်း         
   ၅။  ။ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း         
   ၆။  ။ Light Refreshments ဖြင့်ဧည့်ခံခြင်း
ကူညီလှူဒါန်းပေးမှုများအတွက် အလှူရှင်များ အားလုံးကို အထူးပင်ကျေးဇူးတင်ပါကြောင်း ထပ်မံ ပြောကြားလိုပါတယ် ။ လိုအပ်ချက်များ၊ နှောင့်နှေးကြန့်ကြာမှုများ အတွက် အလှူရှင်များရဲ့ စိတ်ထဲမှာ အလိုမကျမှုများ၊ အဆင်မပြေမှုများ ဖြစ်ခဲ့၊ ရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးဖို့ နှင့်  ပွင့်လင်းစွာအကြံပြုပေးကြပါလို့  ထပ်မံပြီး ပန်ကြားအပ်ပါတယ်။

Note: Attached with PDF Invitation & Location Map

ခင်မင်လေးစားစွာဖြင့်ကုသိုလ်အဖွဲ့ 

Wednesday, May 23, 2012

ရွှေရတနာ ပရဟိတ၊ သီလရှင် စာသင်တိုက်

အဖွဲ့ဝင်များ ၅-၅-၂၀၁၂ ညနေ ၆နာရီလောက်ကျမှ ရွှေရတနာ သီလရှင် စာသင်တိုက် ကို ရောက်ရှိ ခဲ့ကြပါတယ် .. ထိုကျောင်းကို အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) နှင့် ဒေါ်ယုစန္ဒာ တို့၏ တပည့်များ တည်ထောင်ခဲ့တာ ဖြစ်ပါတယ် .. အဲဒီကျောင်းမှာ အငယ်ဆုံး သီလရှင်လေးဟာ ၄နှစ်ပါ .. အရွယ်နဲ့ မလိုက်အောင် ဘ၀ရဲ့ အဆင်မပြေမှုတွေကို ခံစားခဲ့ရပြီး နောက်ဆုံးမှာတော့ ထိုကျောင်းကလေးသို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် .. နောက် သီလရှင်ငယ်လေးရဲ့ ဘ၀ကို သိခဲ့ရတာကတော့ သူလသားအရွယ်လေးမှာပဲ နာဂစ်မုန်တိုင်းကြောင့် သူ့ရဲ့ မိခင်ကိုယ်တိုင်က ခြင်းလေးထဲ ထည့်ပြီး မျှောလိုက်ရပါတယ်တဲ့ .. မိခင်နဲ့လဲ ပြန်မတွေ့တော့ပါဘူး .. ကုသိုလ် အကုသိုလ်ကံ အကျိုးပေးတွေ တလှည့်စီ ခံစားရင်း နောက်ဆုံးမှာ အဒေါ်ကြီးတယောက်ရဲ့ ကယ်ဆယ်ခြင်းကို ခံခဲ့ရပါတယ် .. ခုချိန်မှာတော့ ထို သီလရှင် ကျောင်းတိုက်ကလေးမှာ ပညာသင်ကြားနေခဲ့ပါပြီ ..



 ဆောင်ပုဒ်များ ရည်ရွယ်ချက်များကိုလည်း မြင်နိုင်ပါတယ် ..

 ကလေးပီပီ အဆော့မက်ကြတယ် ..
ဟင်းချက်တိုင်း ဈေးရောင်းတိုင်း ဆော့နေတဲ့နေရာကို ရောက်သွားတော့ အဆော့ပျက်သွားကြတယ် .. ပြီးတော့ ဧည့်သည်တွေကို ချောင်းကြည့်နေတယ် ..
 ဓါတ်ပုံရိုက်ချင်လို့ပါ .. ပို့စ်ပေးပါဦးဆိုတော့ ခုလိုမျိုး ပို့စ်ပေးပါတယ် ..
 ဓါတ်ပုံရိုက်ချင်ပါတယ်ဆိုတော့ လူစုပေးကြပြန်တယ် ..
အ၀င်လမ်းပေါ်မှာပါ ..

ရင်တွင်းစကားလေးတွေကိုလည်း ကြားခဲ့ရပါတယ် .. ရောက်ခါစက မိဘနဲ့ ခွဲပြီးလာကြရတဲ့အတွက် ၀မ်းနည်းကြတယ် ငိုကြတယ် .. နောက်ပိုင်းတော့ ရွယ်တူလေးတွေ အစ်မ ညီမတွေလိုဖြစ်ပြီး ပျော်သွားပါတယ် တဲ့ .. ဘယ်လိုပဲ မိဘနဲ့ ခွဲနေရတယ်ဆိုပေမယ့် ချစ်ခင်ဂရုစိုက်မယ့် အစ်မ ညီမနဲ့ သူငယ်ချင်းတွေရှိနေလို့ သူတို့တွေ ပျော်ကြပါလိမ့်မယ် ..ကျောင်းမှာ အတန်းစာအပြင် ဘုရားစာကိုပါ တွဲဖက်သင်ကြားပါတယ် ..

အခွင့်အခါသင့်ခဲ့ရင်လည်း အဲဒီကျောင်းလေးဆီ ရောက်အောင် သွားကြဖို့ တိုက်တွန်းလိုက်ပါတယ် .. အဲဒီကျောင်းလေးမှာ ဆူဆူညံညံ ကစားသံတွေ စာအံသံတွေ ကြားရပါမယ် .. ကလေးတွေရဲ့ မတူညီတဲ့ ဘ၀ဖြတ်သန်းခဲ့ရပုံတွေ ကြားသိရပါမယ် ..

Kutho (http://www.kutho.org/)
Giving many helping hands

Monday, May 14, 2012

အောင်ဇေယျာမင်း (ဘက)ကျောင်း၊ လှိုင်သာယာ

ကုသိုလ်အဖွဲ့နဲ့ Lotus အဖွဲ့တို့ အတူတူသွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံရှိ တချို့သော ဘက ကျောင်းများရဲ့ အခြေအနေနဲ့ ဖွဲ့စည်းထားပုံများကို တင်ပြချင်ပါတယ် .. ထိုခရီးစဉ်ကို ကုသိုလ်အဖွဲ့မှ မလဲ့၊ မနေသူနဲ့ မိုးခါး၊ Lotus အဖွဲ့မှ ကိုဇင်မင်းမော်၊ ကိုစိုးပိုင်၊ ကိုမင်းမင်းဇော် နဲ့ မအိဖြူတို့ အတူတကွ သွားရောက်ခဲ့ပါတယ် .. ကူညီပို့ဆောင်ပေးသော Lotus အဖွဲ့ဝင်များနှင့် တကွ ဒေသခံများအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ဦးစွာ ပြောကြားလိုပါတယ် ..

ခရီးစဉ်အနေနဲ့ စီစဉ်ဖြစ်တာကတော့ ပထမရက် လှိုင်သာယာ ရွှေပြည်သာတွင် ရှိသော အောင်ဇေယျာမင်းကျောင်း (လှိုင်သာယာ) နှင့် ရွှေရတနာ သီလရှင် စာသင်တိုက် (ရွှေပြည်သာ) တို့ကို သွားရောက်ဖြစ်ခဲ့ပါတယ် .. ဒုတိယရက်မှာတော့ မော်ကျွန်း ၀ါးခယ်မ နှင့် နောက်တရက်မှာတော့ ကွမ်းခြံကုန်းမြို့နယ်တို့ရှိ ဘက ကျောင်းများစီ ရောက်ရှိခဲ့ပါတယ် ..

၅-၅-၁၂ (စနေနေ့) နေ့လည်မှ စတင်ပြီး အဖွဲ့ဝင်များစုရုံးကာ လှိုင်သာယာတွင် တည်ရှိသော အောင်ဇေယျာမင်း ကျောင်းသို့ သွားရောက်ခဲ့ပါတယ် .. ထိုကျောင်းတွင် မူလတန်းမှ အထက်တန်းထိ ပညာသင်ယူနေသော ကလေးငယ်ပေါင်း ကျား-မ ၃၀၀/၃၅၀ ကျော် ခန့် ရှိပါတယ် .. ထိုအထဲတွင် ကုသိုလ်အဖွဲ့မှ ကျောင်းစရိတ် တာဝန်ယူ ထောက်ပံ့ပေးသော ကလေးငယ်ပေါင်း အယောက် ၃၀ခန့်ရှိပါသည် ..

ကျောင်းနံရံတွင် တွေ့ရသော ပုံတပုံ

ကျောင်းဝင်းအတွင်းရှိ စေတီငယ်

ဘုရားခန်း

ကျောင်းထိုင်ဆရာတော်

သောက်ရေကန်

အခမဲ့ ဆေးခန်း

စာသင်ဆောင်

အိပ်ဆောင်

ကုသိုလ် Lotus အဖွဲ့ နှင့် ကလေးငယ်များ အမှတ်တရ

နံရံပေါ်မှာ ရုပ်ပုံ တခု

ကလေးကစားကွင်း

အဆောင်သစ်အတွက် ကိုရင် နှင့် ဦးဇင်းများ ကိုယ်တိုင် လုပ်အားပေးနေကြပုံ

ကျောင်းဝင်းအတွင်းမှ ရှုခင်းသာ

အဖွဲ့ ရောက်ရှိချိန်မှာ ၉တန်းနှစ် အတန်းတက်ရောက်ဖို့ ရောက်ရှိနေတဲ့ ၉တန်း ၁၀တန်း ကလေးများကိုလည်း တွေ့ခဲ့ရပါတယ် .. ကလေးအချို့နဲ့လည်း စကားစမြည်ပြောဖြစ်ခဲ့ပါတယ် .. အောက်မှပုံကတော့ ၉တန်း နှင့် ၁၀တန်း ကလေးငယ်များ နေထိုင်ရာ အဆောင် ဖြစ်ပါတယ် ..
၉တန်း ၁၀တန်း ကလေးများ နေထိုင်ရာ အဆောင် 

ကျောင်းဆောင်

အများအကျိုးပြုလုပ်နေသူတိုင်းအဖို့ ကူညီသူ ထောက်ပံ့ ပံ့ပိုးသူများ ပေါ်ပေါက်လာတာ သဘာဝပါ .. ခုလည်းပဲ ထိုကျောင်းကလေးဟာ နေထိုင်သူများအတွက် လုံခြုံသော အခြေခံ အဆောက်အဦးများ အတော်အတန် ပြည့်စုံနေပြီဖြစ်ပေမယ့် ကလေးများအတွက် စားသောက်စရိတ် သွားလာစရိတ်နဲ့ ကျောင်းစရိတ်များအတွက်တော့ လိုအပ်နေဆဲ ဖြစ်ပါတယ် ..

ကျောင်းထိုင်ဘုန်းဘုန်းနဲ့ စကားစမြည်ပြောဆိုတဲ့ အခါမှာ - မီးမပြည့်စုံမှုအတွက် မီးစက်မောင်းရပါတယ် .. အဓိကအားဖြင့် ရေစုပ်ဖို့နဲ့ ကလေးများညအခါ စာကြည့်နိုင်ဖို့အတွက်ပါ .. ကွန်ပျူတာအလှူရှင်တွေ ရှိပေမယ့် မီးမပြည့်စုံမှု ဆရာမရှိမှုတို့ကြောင့် ကလေးများ ကွန်ပျူတာကို လေ့လာဖို့ အခွင့် မသာသေးပါဘူး .. အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံအနှံအပြားက ကလေးပေါင်း အယောက် ၃ ၄ ရာ ခန့်ကို နေ့စဉ်နဲ့အမျှ တာဝန်ယူ ထိန်းကျောင်း ကျွေးမွေးပြုစုရတဲ့ တာဝန်ဟာလည်း မသေးလှပါဘူး .. ဒါ့အပြင် နို့စို့ကလေးငယ်များပါ ကျောင်းမှာ ရှိနေပါသေးတယ် .. အဲဒီအတွက် အနီးအနား ရပ်ရွာထဲမှ စေတနာရှင် နို့ထိန်းများပါ ထားရှိရပါတယ် .. ကုန်ကျလာတဲ့ စရိတ်အားလုံးကိုလည်း ရရှိလာတဲ့ အလှူငွေများထဲမှ ခွဲခြမ်း သုံးစွဲရပါတယ် ..

ကလေးငယ်များနဲ့ စကားစမြည်ပြောဆိုတဲ့ အခါမှာတော့ - ကလေးတွေက ကွန်ပျူတာ သင်တန်းလို စကားပြောသင်တန်းလို သင်တန်းမျိုးတွေ တက်ရောက်ဖို့ စိတ်ဝင်စားတဲ့အပြင် စာဖတ်ဖို့လည်း စိတ်အားထက်သန်ကြပါတယ် .. ဒါပေမယ့် စာကြည့်တိုက် မရှိသေးတဲ့အတွက် စာတွေဖတ်ပြီး အသိပညာတွေ တိုးပွားဖို့ အလှမ်းကွာနေပါသေးတယ် ..

ကလေးတွေဟာ ကလေးပီပီသသ မိဘရင်ခွင်ထဲ နေထိုင်ခွင့် ဆိုးနွဲ့ခွင့် မရကြပေမယ့် ထိုက်သင့်တဲ့ နွေးထွေးလုံခြုံမှုတွေကို ရရှိနေတယ်ဆိုသော်လည်း လိုအပ်ချက်တွေကတော့ ရှိနေစမြဲပါ .. အကယ်၍များ အချိန်လည်းရ စိတ်လည်းဝင်စားမယ်ဆိုရင် ထိုကျောင်းလေးကို တဦးချင်း တယောက်ချင်းပဲဖြစ်ဖြစ် အသင်းအဖွဲ့နဲ့ပဲ ဖြစ်ဖြစ် တခေါက်လောက် သွားကြည့်စေချင်ပါတယ် .. ဖြူစင်တဲ့ မျက်နှာလေးတွေနဲ့ ကလေးငယ်တွေဟာ အပြုံးကိုယ်စီနဲ့ ကြိုနေမှာပါ .. စာသင်နှစ်လည်း စဖို့ အချိန်နီးကပ်လာပြီဖြစ်လို့ ကိုယ့်လုပ်အားခလေးထဲက အနည်းငယ်လောက်ကို ရင်းနှီးပြီး ကလေးတယောက်လောက်ရဲ့ ဘ၀အလင်းကို တဖက်တလမ်းက ထွန်းညှိပေးကြရအောင်ပါ ..

*ကျောင်းရဲ့ တည်နေရာ - ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာ (ရွှေပြည်သာတံတားအဆင်း)*

Kutho (http://www.kutho.org/)
Giving many helping hands